မိုးညို ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် ဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက ကျန်းမာရေးအတွက် လာရောက်ပြသသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုး၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် အစားအစာ စားသောက်မှုပုံစံများ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၆၅)ဦးအား သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ဆေးဝါးနှင့်ကုသခြင်းများကို(အခမဲ့)ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)