စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံ/အဆင့်မြှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ/အဆင့်မြှင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၇/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအားအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးတက်ကာ ကလေးအလုပ်သမားပပျောက်ရေးအား အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ ဖွံဖြိုးဆဲနိုင်ငံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် မိသားစုဝင်ငွေ ရှာဖွေနိုင်မှုနည်းပါးခြင်းသည် ကလေးအလုပ်သမားများ ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရင်းများဖြစ်ခြင်းကြောင့် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအား အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ မိသားစုအလိုက် ဝင်ငွေတိုးတက်ရရှိရေး လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းတို့အား အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြမှသာ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားကာ သင်တန်းမှ လေ့ကျင့်သင်ကြားပေးသည့် ပညာရပ်ဖြင့် ဝင်ငွေရရှိမည့် အလုပ်အကိုင်များရရှိပြီး မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများရရှိလာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းထံ ငွေကျပ် - ၃၂၁၆၄၀၀ (သုံးဆယ်နှစ်သိန်းတစ်သောင်း ခြောက်ထောင်လေးရာကျပ်)နှင့် သင်တန်းနည်းပြထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသူများကိုယ်စား သင်တန်းသူ (၂)ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)