ဖောင်းပြင်မြို့၌ မြန်ဆန်ထိရောက်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

ဖောင်းပြင် ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွန်းရွှေဝါရပ်ကွက်၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။

ထိုသို့လေ့ကျင့်ရာ မီးငြိမ်းသတ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ပြင်ဆင်တပ်ဆင် အသုံးပြုခြင်းနှင့် မီးငြှိမ်းသတ်ရာတွင် စွမ်းဆောင်ရည်မြင့်မားစေရေး လေ့ကျင်ခြင်းကိုလည်းကောင်း၊ ရေစုပ်စက်မှရေပို့ယာဉ်သို့ ရေပို့ဆောင်မှုအခြေအနေကိုလည်းကောင်း၊ ရေပန်းပိုက်အားအသုံးပြုရာတွင် ပေအပိုင်းအခြားအလိုက် ရေထွက်နှုန်းနှင့် ရေရောက်ရှိမှုအကွာအဝေးကိုလည်းကောင်း စမ်းသပ်လေ့ကျင့်ကြပြီး အဆိုပါရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းပါဝင်လေ့ကျင့်ကြကြောင်း သိရသည်။

အဆိုပါဌာနက မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပေးကြေညာခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း စသည့်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မီးလောင်မှုဖြစ်ပွားပါက ထိရောက်မြန်ဆန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားပါက အသုံးပြုနိုင်သည့် မီးငြိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အင်အား (၃၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀၀) ကျော်ရှိကာ ရေအလွယ်တကူရရှိနိုင်ရေးအတွက် ရပ်ကွက်အလိုက် ရေစုပ်စက်များတပ်ဆင်၍ ကြိုတင်ပြင်ဆင်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)