ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့ဝင်  ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” စာအုပ်ပါ “ခွန်းအားလေးပါး” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဦးမြတ်ထွန်း (ရာဇာငယ်ကနောင်)က “လူဆိုသည်မှာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင်  ဦးတင်ရွှေက “နေ့သစ်တိုင်းဟာ အောင်မြင်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက “စာရေးချင်သူများသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများကို အသီးသီး မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် လစဉ် Online မှ အသိပညာပေး Talk Show များပြုလုပ်ခြင်း၊ ရုံးချုပ်က လစဉ်ပေးပို့လာသည့် စာအုပ်အသစ်များဖြင့် စာဖတ်ပရိတ် သိရှိအောင် ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွှတ်ဆိုခြင်းနှင့် လူငယ်များ အသိပညာဗဟုတကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြည်သူ့စာကြည့်တိုက် Face book page မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)