ကြံခင်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့်ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာနှစ်၏ (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာကျောင်းများတွင် နံနက် (၈)နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။
ထိုသို့ (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲကို ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ) (၄)ကျောင်း၊ အခြေခံပညာ အလယ်တန်း (၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ မူလွန် (၃)ကျောင်း၊ မူလတန်း (၉၈)ကျောင်းနှင့် မူလတန်း(ခွဲ) (၁)ကျောင်းများတွင် (Grade-5,Grade-9) မပါ၊ စာရင်းရှိ ကျား (၅၉၂၆)ဦး၊ မ (၅၉၅၉)ဦး၊ စုစုပေါင်း (၁၁၈၈၅)ဦး၊ ဖြေဆိုသူ ကျား (၅၉၁၃)ဦး၊ မ (၅၉၄၄)ဦး စုစုပေါင်း (၁၁၈၅၇)ဦး လာရောက်ဖြေဆိုကြသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၉၉.၇၆) ဖြစ်သည်။
မြန်မာနိုင်ငံစစ်ဌာနမှ Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၅ ခုနှစ်၊ မတ်လ (၃)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး Grade-12 ကို ဧပြီလ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)