လိပ်သို ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ စာရေးဆရာ ဒေါက်တာမာမာဆွေ ရေးသားသော “သက်ရှည်ကျန်းမာနေလိုငြား လိုရင်းတိုရှင်း နည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းဖြင့် ရသပေါင်းများစွာ ရရှိခံစားနိုင်သည့်အပြင် ဆင်ခြင်တွေးခေါ်မှုကိုလည်း ရရှိပိုင်ဆိုင်နိုင်စေကြောင်း၊ စာကိုအပျော်မဖတ်ပဲ ပညာရအောင် ဖတ်ရမှာဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်လင်းလင်းဝင်းက “အကောင်းမြင်ပါ” ခေါင်းစဉ်အောက်မှ “လူတိုင်းသည် မျှော်လင့်ချက်နှင့် အကောင်းမြင်စိတ်ရှိနေမှသာလျှင် ဘဝအတွက် တွန်းအားရှိမှာဖြစ်ကြောင်း၊ ကျန်းမာနေသည်ဖြစ်စေ မကျန်းမာနေသည်ဖြစ်စေ ကျန်းမာရေးအတွက် ကောင်းမည်ဆိုလျှင် လိုက်နာနေထိုင် သင့်ကြောင်း၊ ကိုယ်ခံအားကောင်းမှသာ ခန္ဓာကိုယ်ထဲကို အန္တရာယ်တွေ မဝင်ရောက်လာ နိုင်မှာ ဖြစ်သောကြောင့် ကျန်းမာရေးပိုကောင်းအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိတ်ကျန်းမာဖို့နှင့် ယုံကြည်ချက်ရှိဖို့က အဓိကဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ဒေါက်တာ မာမာဆွေ ရေးသားသော “သက်ရှည်ကျန်းမာနေလိုငြား လိုရင်းတိုရှင်းနည်းလမ်းများ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် လူတိုင်း အသက်အရွယ်မရွေး သက်ရှည်ကျန်းမာစွာနေနိုင်ရန် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ ရှိရမည့်အပြင် ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်မှသာလျှင် ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်