ပေါင်းတည်၌ မီးလောင်မှုဖြစ်ပွားနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံး

ပေါင်းတည် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က မင်းကွက်(၁)ရပ်ကွက်၊ တာပွန်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တာပွန်လမ်းရှိ ဒေါ်ရီရီလွင်(၆၅)နှစ်၊ (ဘ) ဦးမောင်ချစ်၊ နေအိမ်တွင် မီးပေါ့ဆစွာ အသုံးပြုမှု‌ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့၀င်များ၊ လုံခြုံ‌ရေးတပ်ဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့၀င် (၅+၃၀) အင်အားဖြင့် မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၄ စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှု‌ကြောင့် သွပ်မိုး၊ ပျဉ်နှင့် ထရံကာ၊ ပျဉ်ခင်း ၄ ပင် ၂ ထပ်နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရွှေသား