မြိတ်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြိတ် ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မြိတ်မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

“အလုပ်ရုံဆွေးနွေးပွဲကို ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ကော်မတီခွဲတစ်ခုဖြစ်တဲ့ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအတွက် မြို့နယ်/ခရိုင်အတွင်းမှာရှိတဲ့ ကလေးအလုပ်သမားများ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းအဓိပ္ပာယ်ကို ကော်မတီဝင် ဌာနဆိုင်ရာများ၊ အလုပ်ရှင်အလုပ်သမားများ သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်း‌ကျော်က အမှာစကား ပြောကြား၍ ဖွင့်လှစ်သည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းခံရသော ကလေးအကြောင်းကို ဆွေးနွေးပြောကြားပြီး ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစန္ဒီက ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေများအကြောင်းကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်ဗဟိုစာရင်း အင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးငြိမ်းချမ်းဦးက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး အခြေအနေများကို ဆွေးနွေးပြောကြားသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီအလုပ်ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)