ဇလွန် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ၁၃၈၆ ခုနှစ် တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလ ဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မာရ်အောင်မြင်ပြည်တော်ပြန် ဘုရားကြီး အကျိုးတော်ဆောင်ဂေါပကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှား မြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားကြီး တစ်ဆူဖြစ်သည်နှင့်အညီ ဘုရားကြီး၏တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းလဆန်း ( ၉ ) ရက်နေ့မှ တပေါင်းလပြည့်ကျော် ( ၁ )ရက်နေ့အထိ ( ၇. ၃. ၂၀၂၅ ) မှ ( ၁၄ .၃. ၂၀၂၅ )ရက်နေ့အထိ ( ၈ ) ရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ နေ့စဥ်ဆွမ်း၊ သစ်သီး၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူရေးနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအသီးသီးတို့က ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)