ရွှေတောင် ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ထောက်ပံငွေမှ မွေးမြူရေးလုပ်ငန်းရှင်များအား ထုတ်ချေးငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးပေးနေမှုအခြေအနေနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်၍ သား/ ငါးစားသုံးမှု ဖူလုံစေရေးအတွက် မွေးမြူသူလုပ်ငန်းရှင်များမှ တိုးချဲ့မွေးမြူဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ကြက်၊ ဝက်၊ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၀) ဦးသို့ စုစုပေါင်းချေးငွေ (၁၄၄၅) သိန်း ထုတ်ချေးပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ (မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ချေးငွေထုတ်ချေးမည့် ကြက်၊ ဝက်၊ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၀) ဦးနှင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)