ကြံခင်း ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစားအခြေခံသင်တန်းကို မြို့မအားကစားကွင်းနှင့် အားကစားရုံတို့တွင် မတ်လ ၅ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ သင်တန်း ၅ မျိုး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ကရာတေး၊ Fitness Dance & Aerobie နှင့် ကြက်တောင် စသည့် အားကစားနည်း ၅ မျိုးကို ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေးအတွက် နွေရာသီအားကစား အခြေခံသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ်နံနက် ၈ နာရီမှ ၁၀ နာရီအထိ၊ ညနေ ၃ နာရီမှ ၅ နာရီထိ ဘာသာရပ်အလိုက် စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သဖြင့် မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ ဖုန်းနံပါတ် ၀၉၂၅၄၀၆၆၇၀၉ နှင့် ၀၉၄၂၂၄၅၀၈၇၆ သို့လည်းကောင်း၊ လူကိုယ်တိုင်သွားရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)