မအူပင်ခရိုင်၊ မအူပင်မြို့၌ Delivery လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

မအူပင် ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း Delivery ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် သိကောင်းစရာကိစ္စရပ်များ အသိပညာပေးဟောပြောခြင်းအား ယနေ့နံနက်(၁၀)နာရီက ခရိုင်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ Delivery လုပ်ငန်းရှင်များအား မိမိကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပဲ လုပ်ငန်းလုပ်ဆောင်နေပါက စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေး၊ တားမြစ်ချက်ဆိုင်ရာပြဋ္ဌာန်းချက်၊ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ရမည့်လုပ်ငန်းစဉ် လျော်ကြေးငွေပေးစေခြင်း၊ ဒဏ်ကြေးငွေချမှတ်ခြင်း၊ ကုန်စည်ဝန်ဆောင်မှုကို ကာလအကန့်အသတ်တားမြစ်ခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/ အမြဲပိတ်သိမ်းနိုင်ရန် အစိုးရဌာနနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူရေးရာ အချက်အလက်နှင့်ပတ်သက်၍ စားသုံးသူ/စီးပွားရေးလုပ်ငန်းရှင်များက ဦးစီးဌာန၏ Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်း ဆက်သွယ်မေးမြန်း နိုင်ကြောင်းအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)