တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို(၂၅) နှစ်မြောက် ထားဝယ်တက္ကသိုလ် တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၁

(၂၅) နှစ်မြောက် ထားဝယ်တက္ကသိုလ်တည်ထောင်ခြင်းနှစ်ပတ်လည် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက ပညာရိပ်မြုံထားဝယ်တက္ကသိုလ်သီချင်း၊ ပန်းတိုင်းပွင့်ပါစေသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပညာရေးသည် နိုင်ငံတော် တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာသုတေသနများကို ပြုလုပ်ခြင်းဖြင့် ဆရာ၊ဆရာမများ၏ သင်ကြားရေးအရည်အသွေးများ ပိုမိုတိုးတက်စေကြောင်း၊ ဆရာ၊ ဆရာမများ သုတေသနလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်ရေးအတွက် စာတမ်းဖတ်ပွဲများ အဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တက္ကသိုလ်များ၏ အဆင့်အတန်းကို အကဲဖြတ်ရာတွင် ၎င်းတက္ကသိုလ်က ထွက်ရှိသော သုတေသနစာတမ်းများကိုပါ အဓိကအချက်အဖြစ် ထည့်သွင်းတွက်ချက်ကြောင်း၊ အလားတူပင် ပါမောက္ခတစ်ဦး၏ အရည်အသွေးကို တိုင်းတာရာတွင် သုတေသနစာတမ်း၊ စာအုပ်ပေါင်း မည်မျှပြုစုထွက်ရှိပြီးဖြစ်သည်ကို အဓိကမူတည်၍ ဆုံးဖြတ်လေ့ရှိကြောင်း ဒါကြောင့်ဆရာ၊ ဆရာများသည် သုတေသနဆိုင်ရာကိစ္စရပ်များကို အပြိုင်အဆိုင်ပြုလုပ်ကြခြင်းဖြင့် မိမိတို့တစ်ဦးချင်း၊ မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသော တက္ကသိုလ်၊ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ပညာရေးအခန်းကဏ္ဍအထိ အဆင့်မြင့်မားလာမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို စာတွေ့သာမကကွင်းဆင်း လေ့လာသုတေသနပြုလုပ်ကြပြီး လက်တွေ့နယ်ပယ်နှင့် ပေါင်းစပ်ကာ ဒေသအကျိုးပြု အသုံးချသုတေသနများကို အကျိုးဖြစ်ထွန်းအောင်ပြုလုပ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်မြန်မာစာဌာနမှ ကထိကဒေါက်တာဇော်မိုးဝင်းက ထားဝယ်ဒေသိယစကားမှ အသံတူ အနက်လွဲ ဝေါဟာရများလေ့လာချက် သုတေသနစာတမ်းအား ဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာတမ်းရှင်များအတွက် ဂုဏ်ပြုငွေကျပ် ၂၂ သိန်းအားပေးအပ်ရာ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက လက်ခံရယူသည်။

ဆက်လက်၍ ကျောင်းသား/သူများ၏ထား ဝယ်ရိုးရာရေအိုးရွက်အက၊ ကရင်တိုင်းရင်းသားရိုးရာအက (ဝါးထောက်အက) ဖြင့်သီဆိုကပြဖျော်ဖြေနေမှုနှင့် ဝိဇ္ဇာစာတမ်း၊ သိပ္ပံစာတမ်း၊ ပိုစတာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ထားဝယ်တက္ကသိုလ်တည်ထောင်ခြင်း ၂၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲတွင် ဝိဇ္ဇာစာတမ်း(၅)စောင်၊ သိပ္ပံစာတမ်း(၆)စောင်၊ ပိုစတာ(၁၁)စောင် အား တာဝန်ရှိသူများက သက်ဆိုင်ရာအဆောင်များ၌ တင်သွင်းဖတ်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)