ဘိုကလေးမြို့နယ်တွင် (၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန(၉)ခုဖွင့်လှစ် ကျင်းပမည်

ဘိုကလေး ဖေဖော်ဝါရီ ၂

၂၀၂၅ခုနှစ် မတ်လ (၁၇) ရက်နေ့ မှ (၂၂) ရက်နေ့အထိ နိုင်ငံအဝန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၎င်း (၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၉) ခုဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ စာစစ်ဌာန (၉) ခုအနက် ဘိုကလေးမြို့ပေါ် စာစစ်ဌာန (၂) ခုပါဝင်ပြီး ကျန်ရှိသည့် စာစစ်ဌာန (၇) ခုမှာ ကျေးရွာစာစစ်ဌာနများဖြစ်ကြောင်း၊ မြို့ပေါ်စာစစ်ဌာန(၂)ခုမှာအ.ထ.က (၁) စာစစ်ဌာနနှင့် အ.ထ.က (၂) စာစစ်ဌာနဖြစ်ပြီး ကျေးရွာစာစစ်ဌာန (၇) ခုမှာ အ.ထ.က-မြင်းကကုန်း၊ အ.ထ.က-စက်ဆန်း၊ အ.ထ.က-အောက်လှည်းဆိပ်၊ အ.ထ.က-ဟေမာန်၊ အ.ထ.က-ရုပ်ဆိုင်၊ အ.ထ.က-ပေချောင်းကြီးနှင့် အ.ထ.က (ကဒုံကနိ) စာစစ်ဌာနများ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းပမည့် (၂၀၂၅) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘိုကလေးမြို့နယ်အနေဖြင့် ဖြေဆိုမည့် ကျောင်းသား/သူဦးရေ (၁၄၀၀) ဦး ရှိကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)