ကျိုက်လတ် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဉီးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခြေအနေများ တိုင်းတာစစ်ဆေးပေး၍ လိုအပ်သည့် သောက်ဆေးများပေးခြင်း၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူစေခြင်း စသည်တို့ဆောင်ရွက်ပေး၍ အငြိမ်းစားများကို အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ နှင့် ဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။
ကျိုက်လတ်၌ ပင်စင်လစာငွေများ ထုတ်ယူနိုင်ရေးကို လစဉ် ၂၁ ရက်နေ့မှစ၍ လကုန်အထိ ဘဏ် လုပ်ငန်းချိန်များအတိုင်း ထုတ်ယူနိုင်ပြီး လာရောက်ထုတ်ယူသူများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်