သရက်ချောင်း ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များ အဓိကစိုက်ပျိုးလျက်ရှိရာ ကွမ်းသီးအစပေါ်ချိန်တွင် ကွမ်းသီးအနုဈေးကောင်းရရှိ၍ တောင်သူများက ကွမ်းသီးအနု ရောင်းချမှုများသဖြင့် ယခုကွမ်းသီးအမှည့်ပေါများချိန်တွင် ယမန်နှစ်ထက် ကွမ်းသီးအမှည့် အထွက်နှုန်းနည်းသော်လည်း ကွမ်းသီးအခြမ်းခွဲရောင်းချရာမှ ယမန်နှစ်ထက် စျေးနှုန်းများ အဆမတန်မြင့်တက်၍ ဈေးကောင်းရရှိသဖြင့် မိသားစုစားဝတ်နေရေးအတွက် များစွာတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်၌ ယမန်နှစ်က ကွမ်းသီးဈေးနှုန်းမှာ ကွမ်းသီးတစ်လုံးလျှင် ၂၅ ကျပ်၊ ကွမ်းသီးအခြမ်းပါကင် တစ်ပိဿာလျှင် ၃၈၀၀ ကျပ်၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ၃၆၀၀ ကျပ်အထိသာရရှိပြီး ယခုနှစ်တွင် ကွမ်းသီးတစ်လုံးလျှင် ၁၅၀ ကျပ်၊ ကွမ်းသီးအခြမ်း ပါကင်တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်အထိ ဈေးကောင်းရရှိကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူ ဒေါ်တင်နုထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)