ကျွန်းစုမြို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်း  အသိပေးဆွေးနွေးပွဲကျင်းပ

ကျွန်းစု ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ဆေး (Oral Cholera Vaccine – OCV ) တုံ့ပြန် တိုက်ကျွေးခြင်းလုပ်ငန်း  အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာရဲမင်းဦးက ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တုံ့ပြန်တိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုသို့ တိုက်ကျွေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပေးခြင်း၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ခုနှစ်အတွင်း ပြင်းထန်ဝမ်း‌ပျက်ဝမ်းလျှောရောဂါ သံသယလူနာ ၁၁၃ ဦး နှင့်  ပိုးတွေ့လူနာ ၃ ဦး တွေ့ရှိခဲ့ရာ ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ဖြစ်ပွားမှုများသောနေရာများ၌ မတ်လ ဒုတိယ အပတ်မှ စတင်၍ အသက် ၁ နှစ် အထက် ကလေးနှင့် လူကြီး ၅၀၄၆၅ ဦးအား ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) တိုက်ကျွေးသွားမည်ဖြစ်သည်။

အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) ကို ပါးစပ်မှတစ်ဆင့် တစ်ကြိမ်သောက်သုံး၍ တစ်ကြိမ်သောက်ခြင်းဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခြင်းမှခြောက်လအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ် ဆေး (OCV) သောက်ပြီးသော်လည်း ရောဂါမကူးစက်စေရန် သန့်(၄)သန့် (အစာသန့်၊ လက်သန့်၊ အိမ်သာသန့်၊ ရေသန့်) စသည့် အမူအကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)