ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် ကာလတိုကာလရှည် သီးနှံများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 “ဒီနှစ်မြေအောက်ရေတင်ပြီး အရှည်ပေ ၅၀၊ အကျယ် ၄ ပေရှိတဲ့ မြေဘောင် ၆ ဘောင်ကို ကြက်သွန်ဖြူစိုက်ပျိုးရာ ငွေကျပ် ၃ သိန်းခန့်ကုန်ကျပါတယ်။ အရင်နှစ်က ပိဿာချိန် ၁၀၀ ကျော်ထွက်ရှိပြီး မျိုးချန်၍ ပိုလျံတဲ့ ကြက်သွန်များရောင်းချခဲ့ရာ တစ်ပိဿာ ငွေကျပ် ၇၀၀၀ ဈေးရောင်းရပါတယ်။ အခုစိုက်ပျိုးထားတဲ့ကြက်သွန်စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်နေရပါတယ်”ဟု ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီသီးနှံကို ဆောင်းရာသီ၌ အဓိကစိုက်ပျိုးကြ ကြောင်း၊ ချောင်းရေ၊ မြေအောက်ရေတင်ပြီး နေအိမ်ခြံဝင်းများနှင့် ယာခင်းများတွင် ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)