မော်လမြိုင်ကျွန် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မိုးညိုကျောင်းပရိယတ္တိစာသင်တိုက် သဒ္ဓမ္မဥ္ဇူသာ သုံးထပ်ကျောင်းဆောင်မြေညီထပ်တွင် ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဝိနယပါလအသင်းကြီး၏ (၅၀) ကြိမ်မြောက် ရွှေရတုဝိနည်းအာဂုံစာအောင် ဆုနှင်းသဘင် အခမ်းအနားကျင်းပခဲ့သည်။
ဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့ နယ်ဩဝါဒစရိယဆရာတော်မဟာဂန္တဝါစကဘဒ္ဒန္တ ဇာဂရ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဝိနယပါလအသင်း သမိုင်းမော်ကွန်းလွှာ ရတုပိုဒ်စုံကို ရန်ကုန်ဖူးချစ်တေးဂီတနှင့်တွဲဖက်၍ ရွတ်ဆိုပူဇော်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ဆက်လက်၍ မိုးညိုကျောင်းဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တအဂ္ဂဝံသ ရေးသားပူဇော်သည့် တိုက်တွန်းနှိုးဆော်လွှာ ဥယျောဇမဂါထာကို မင်းကျောင်းဆရာတော်က ရွတ်ဆိုပူဇော်ခဲ့သည်။
ယင်းနောက် ဝိနယပါလအသင်းကြီး၏ တာဝန်ခံနိုင်ငံတော်ဗဟိုရ်သံဃဝန်ဆောင် ဆရာတော်၊ နိုင်ငံတော်သံဃဝိနိစ္ဆယအဖွဲ့ဝင်၊ မိုးညို ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ သာသနာပြုနယ်လှည့်ဓမ္မကထိက၊ အဂ္ဂမဟာဂန္တ ဝါစကပဏ္ဍိတသာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တအဂ္ဂဝံသ ဆရာတော်ကဝိနပါလအသင်းကြီး၏ ရွှေရတုအထိမ်းအမှတ် စာအောင်ဆုနှင်းသဘင်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားခဲ့သည်။ ထို့နောက် ဝိနယပါလအသင်းဥက္ကဋ္ဌ ဆရာကြီးဦးတင်ရှိန်က ဝိနပါလအသင်း၏ ရွှေရတုအထိမ်းအမှတ်ပွဲနှင့် စာအောင်ဆုနှင်းသဘင်ပွဲကျင်းပခြင်းနှင့် စပ်လျဥ်း၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ (၅၀)ကြိမ်မြောက် ရွှေရတုအထိမ်းအမှတ် ဝိနည်းအာဂုံရေးဖြေ စာမေးပွဲကြီးတွင် ဝိနယဓမ္မာစရိယ အကျော်တန်း၊ ဝိနယအကြီးတန်း၊ ဝိနယအလတ်တန်း၊ ဝိနယအငယ်တန်း၊ ဝိနယမူလအကြီးတန်း၊ ဝိနယမူလတန်းတို့တွင် အောင်မြင်ခဲ့သည့် သံဃာတော်များအား မြို့နယ်ဩဝါဒစရိယဆရာတော် မဟာဂန္တဝါစကဘဒ္ဒန္တ ဇာဂရက အောင်ဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
မြို့နယ်လုံးဆိုင်ရာ ဝိနယပါလအသင်းကြီး၏ (၅၀) ကြိမ်မြောက် ရွှေရတုအထိမ်းအမှတ် ဝိနည်းအာဂုံစာမေးပွဲကြီးတွင် သံဃာတော် (၂၃၂)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး (၁၅၅)ပါး ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)