ဖောင်းပြင်မြို့၌ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ

ဖောင်းပြင် ဖေဖော်ဝါရီ ၂၁

(၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ဧဒင်ခန်းမဆောင်၌ ယမန်‌နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံတော်အလံနှင့် ချင်းအမျိုးသားအလံတို့အား တက်ရောက်လာသူတို့က အလေးပြုကြသည်။ ထို့နောက် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် ခရာမှုတ်ခြင်း၊ မောင်းတီးခြင်း၊ ဆုတောင်းခြင်းတို့ကိုပြုလုပ်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး၊ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က ဖတ်ကြားပြီး (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအတွက် ကူညီပံ့ပိုးပေးကြသော စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။

ဆက်လက်၍ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေးကော်မတီ၊ အတွင်းရေးမှူး ဦးလန့်ထွန်းပေါင်က ကျေးဇူးတင်စကားပြောကြားကာ ချင်းလူမျိုးများနှင့် ချင်းအမျိုးသားနေ့အကြောင်း စာတမ်းဖတ်ကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ပြီးနောက် ချင်းရိုးရာအက၊ ချင်းရိုးရာသီချင်းများ၊ ချင်းလူမျိုးများ မျိုးနွယ်စုအလိုက် ရိုးရာဝတ်စုံနှင့် ယဉ်ကျေးမှုတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြသကာ အခမ်းအနားအပြီးတွင် ချင်းရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)