မြိတ် ဖေဖော်ဝါရီ ၂၁
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပလျက်ရှိသည့် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ(၁၉)ရက် ညနေပိုင်းက တက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲ (၃)ယောက်တွဲပြိုင်ပွဲ ကျင်းပရာတွင် မြန်မာစာဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် မြန်မာ စာဌာနအသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့အတူ ဗိုလ်လုပွဲ(၂)ယောက်တွဲပြိုင်ပွဲတွင် မြန်မာစာဌာနအသင်းနှင့် သမိုင်းဌာနအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာစာဌာနအသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် တတိယ၊ ဒုတိယနှင့် ပထမရရှိကြသောအသင်းများမှ အားကစားသမားများအား လည်ဆွဲဆုများ၊ သုံးယောက်တွဲပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ပြိုင်ပွဲတလျှောက် အကောင်းဆုံး နောက်ထိန်းအားကစားသမားဆု၊ အကောင်းဆုံးပင့်ထောင် အားကစားသမားဆုနှင့် အကောင်းဆုံး ရိုက်ခုတ် အားကစားသမားဆုနှင့် အကောင်းဆုံးအားကစားသမားဆု ရရှိကြသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် သုံးယောက်တွဲပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ပထမရရှိခဲ့သော မြန်မာစာဌာနအသင်းအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က တံခွန်စိုက်ဆုဖလားများကို ပေးအပ်ချီးမြှင့်သည်။ အဆိုပါပြိုင်ပွဲကို မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အသင်း(၈)သင်း ပြိုင်ပွဲဝင်အားကစား သမား(၅၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို ဖေဖော်ဝါရီ(၁၅)ရက်မှ (၁၉)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)