မြိတ် ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်း သံဃာ့ဝန်ဆောင် အစည်းအဝေးကို ဖေဖော်ဝါရီ(၁၉)ရက် နေ့လယ်ပိုင်းက မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်များအား သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခဲ့ကြသည်။
တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်(၇)ပါးအား သံဃနာယကအဖွဲ့ဝင်များ ပြန်လည် ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့ဝန်ဆောင်အစည်းအဝေး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် သံဃာ့ဝန်ဆောင် ဆရာတော် (၂၆)ပါးရှိပြီး ကိုယ်တိုင်ဆန္ဒမဲပေးသူ(၁၈)ပါး၊ စာဖြင့်ဆန္ဒမဲပေးသူ(၈)ပါး စုစုပေါင်း(၂၆)ပါးစုံညီဖြင့် ဆန္ဒပြုရွေးချယ် ခဲ့ကြပြီး ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်(၃)ပါးဖြင့် အတည်ပြုရွေးချယ်ခဲ့ကြသည်။
တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့်အစားထိုးရွေးချယ်ခြင်း သံဃာ့ဝန်ဆောင်အစည်းအဝေးကို ဆရာတော်၊ သံဃာတော်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ စတင်ခဲ့ကြပြီး အစည်းအဝေးသဘာပတိ ဆရာတော်အဖြစ် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ကန်သာကျောင်းတိုက်ဆရာတော်က ဆောင်ရွက်၍ ဩဝါဒကထာများ မိန့်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်းကို သံဃနာယကအဖွဲ့ဝင် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်(၇)ပါးအား ရွေးချယ်ခဲ့ကြပြီး အစည်းအဝေးကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )