ထားဝယ် ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရှေးဦးစွာ ပင့်သံယာတော် ဆရာတော်ကြီးများနှင့် ဓမ္မာစရိယ၊ နိကာယ်၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ စာအောင်ရဟန်း၊ သာမဏေတို့အား သာသနာရေးဆိုင်ရာအခမ်းအနားဖြင့် ပင့်ဆောင်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ကာထားဝယ်မြို့ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ ငါးပါး သီလခံယူဆောက် တည်ကြသည်။
ထို့နောက်ဆရာတော် သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ကြွရောက်တော်မူလာကြသောဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ မြိတ်စာဖြေဌာန မှအောင်မြင်တော်မူသည့် ဓမ္မာစရိယ(ကျမ်းပြီး) ၅ ပါး၊ ထားဝယ် စာဖြေဌာနမှ အောင်မြင်တော်မူသည့် ဓမ္မာစရိယ(ကျမ်းပြီး) ၁ ပါး၊ နိကာယ်အုပ်စု(၁)ကျမ်းပြီး ၂ ပါး၊ အုပ်စု(၄)ကျမ်းပြီး ၁ ပါး၊ ပထမကြီးတန်း ၁ ပါး၊ ပထမလတ်တန်း ၂ ပါး၊ ပထမငယ်တန်း ၇ ပါး၊ အခြေပြု မူလတန်း ၃၅ ပါး၊ အဘိဓမ္မာအထူးအောင် လူပုဂ္ဂိုလ် ၂ ဦး၊ ဂုဏ်ထူးဆောင် လူပုဂ္ဂိုလ် ၂ ဦး တို့အားအောင်လက်မှတ်၊ စာအောင်ဆုနှင့်အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး နှင့်တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပြီး ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသ ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေသည်။
ယင်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များကဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့် သီဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အလားတူပင် မြိတ်စာဖြေဌာနမှ အောင်မြင်တော်မူသည့် ပထမကြီးတန်း၄ ပါး၊ ပထမလတ်တန်း ၅ ပါး၊ ပထမငယ်တန်း ၃၀ ပါး၊ အခြေပြု မူလတန်း၁၁၇ ပါးနှင့် အဘိဓမ္မာ ဂုဏ်ထူးအောင် လူပုဂ္ဂိုလ် ၁ ဦး အပါအဝင်စုစုပေါင်း ၁၆၂ ပါး/ဦး တို့အား လည်းကောင်း၊ ကော့သောင်းစာဖြေဌာနမှ အောင်မြင် တော်မူသည့် ပထမကြီးတန်း ၁ ပါး၊ ပထမလတ်တန်း ၁ ပါး၊ ပထမငယ်တန်း ၅ ပါး၊ အခြေပြု မူလတန်း ၁၆ ပါး စုစုပေါင်း ၂၃ ပါးတို့အားလည်းကောင်း၊ အောင်လက်မှတ်နှင့် စာအောင်ဆု အလှူငွေများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)