နတ်မောက် ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအကြောင်း သိကောင်းစရာများဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အင်းကုန်း(တ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက မျိုးစေ့အကြောင်း သိကောင်းစရာများနှင့် မျိုသန့်မျိုးစေ့ အသုံးပြုစိုက်ပျိုးခြင်းဖြင့် မျိုးစေ့၏ ကောင်းမွန်သာ မူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်းခြင်း၊ အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ခြင်း၊ မြေဩဇာ၊ အစိုဓာတ်၊ အလင်းရောင်စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း၊ အပင်အောင်မြင်ဖြစ်ထွန်းမှုကောင်းခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ် ပိုမိုခံနိုင်ရည်ရှိခြင်း၊ ပေါင်းမြက်ကင်းစင်ခြင်း၊ ရင့်မှည့်မှုကို ရာခိုင်နှုန်းပိုမိုထွက်ရှိခြင်း အကြောင်းအရာများ၊ စပါးပင်ရှင်သန်ကြီးထွားစေရန် ယူရီးယားမြေဩဇာနှင့် နွားချေးမြေဆွေးများ သမအောင်ရောနှော၍ ညီညာစွာ ကျဲပက်ပေးရန်၊ ဖေါ့ဖားရပ်ဓာတ်ပါဝင်သော တီစူပါဓာတ်မြေဩဇာနှင့် ပိုတက်စီယံဓာတ်ပါဝင်သော ပိုတက်ဓာတ်မြေဩဇာတို့ကို ထယ်ရေးပြုပြင်ချိန်တွင် ထည့်သွင်းကျဲပက်ပေးသင့်ကြောင်း စသည့် စိုက်ပျိုးရေးသိကောင်းစရာများကို တက်ရောက်လာကြသည့် စိုက်ပျိုးရေးတောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ပြီး တောင်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း