ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၀၇၂  ဦး ဖြေဆိုမည်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့်  ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၇၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ကာ ပွင့်ဖြူမြို့ (အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ဦး ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၃၇၂ ဦး၊ စုစုပေါင်း ၁၀၇၂ ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ(ဖောင်)များ တင်ထားပြီးဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ/ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပြီး အချိန်ပိုသင်ကြားရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုချိန် နေ့ရက်များတွင် စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များနှင့် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)