လှိုင်းဘွဲမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စု၌ အလင်းစေတမာန်စာကြည့်တိုက် ဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၂၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စုတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ်(၁၅၀)သိန်းနှင့် ပြည်သူလူထုလှူဒါန်းထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့သည့် အလင်းစေတမာန် စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထန်းတပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥက္ကံသအား သွားရောက်ဖူးမြော်ကြည်ညို ၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အလင်းစေတမာန်စာကြည့်တိုက်ဖွင့်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက စာကြည့် တိုက်သစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကာ စာကြည့်တိုက်ကမ္ပည်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သုတ၊ရသ စာအုပ်စာစောင်ပေါင်း ၄၉၅ အုပ်အား ပညာရပ်အလိုက် စနစ်တကျ စင်တင်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများမှ စာအုပ်စာစောင်များ လေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က စာကြည့် တိုက်မှစာအုပ်စာပေများကို ဖတ်ရှုပြီးဘဝတိုးတက်အောင်မြင်အောင်ပြုလုပ်ကြပါ၊ မိမိတို့၏ အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင် တိုက်တွန်း၍ စာကြည့်တိုက်များသို့သွားရောက်ပြီး စာပေဖတ်ရှုခြင်း၊ စာကြည့်တိုက်၏တန်ဖိုးကို သိကြခြင်းဖြင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အလင်းစေတမာန်စာကြည့်တိုက်အတွက် စေတနာရှင်အလှူရှင်များက ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ကာ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ သုတ၊ ရသစာအုပ်စာစောင် အုပ်ရေ ၁၀၀ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးဝန်ကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စာကြည့်တိုက်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်စာစောင်နှင့် ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်ကာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)