ထားဝယ် ဖေဖော်ဝါရီ ၂၀
ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်၊ ပစ္စည်းများနှင့် ပြည်သူပိုင်အဆောက်အဦများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များစသည့် ပျက်စီးဆုံးရှုံးမှု ပမာဏများကြီးမားသကဲ့သို့ပင် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူတို့၏ အခွင့်အရေးများစွာကိုလည်း ဆုံးရှုံးနေရကြောင်း၊ အဆိုပါ ဖြစ်စဉ်များအပေါ် မိမိတို့လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များကို ကျူးလွန်ဆောင်ရွက်နေသည့် အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမားများကို တားဆီးနှိမ်နင်းရာတွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများဟုဆိုရာတွင် စာနာထောက်ထားမှုမရှိသည့် လက်နက်အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများတွင် အကြမ်းဖက်တိုက်ခတ်မှုများ လုပ်ဆောင်ကာ တရားမဲ့နယ်မြေကျူးကျော်လာမှုကြောင့် ယာယီတိုက်ပွဲရှောင်နေကြရသူများတွင် အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်မှုကြောင့် အသက်အိုးအိမ်၊ စည်းစိမ်၊ လုံခြုံရေးအန္တရာယ်များကို စိုးရိမ်နေသဖြင့် ခေတ္တနေရပ်စွန့်ခွာလာရသူများ ပါဝင်လာကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်(၄)ခုအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ယာယီပြောင်းရွှေ့နေထိုင်ကြတဲ့ နေရပ်စွန့်ခွာပြည်သူ (၁၁၀၄၃) ဦးတို့အား ဇန်နဝါရီလအတွက် တစ်ဦးလျှင် တစ်လကို ထောက်ပံ့ငွေ (၂၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၂၀.၈၆) သန်းကို သက်ဆိုင်ရာ မြို့နယ်များသို့ လွှဲပြောင်းထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ထောက်ပံ့ငွေများကို ဖေဖော်ဝါရီလနှင့် မတ်လအတွက် ဧပြီလဆန်းတွင်လည်းကောင်း၊ ဧပြီ၊ မေ၊ ဇွန်လတို့အတွက် ဇူလိုင်လဆန်းတွင်လည်းကောင်း၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတို့အတွက် အောက်တိုဘာလဆန်းနှင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလဆန်းတို့အတွက် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလဆန်းတွင်လည်းကောင်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ထိုသို့ ထောက်ပံ့ရာတွင် နေရပ်စွန့်ခွာပြည်သူ (၁) ဦးလျှင် (၁) နှစ်စာ(၂၄၀၀၀၀/-) ကျပ်ကို နိုင်ငံတော်ကထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထားဝယ်ခရိုင် ( ၆၃၅၅ )ဦးအတွက် ငွေ(၁၂၇၁၀၀၀၀၀)ကျပ် ၊ မြိတ်ခရိုင်( ၄၂၈၉ )ဦး၊ ငွေ( ၈၅၇၈၀၀၀၀ )ကျပ်၊ ကော့သောင်းခရိုင်( ၃၆၅ )ဦး၊ ငွေ(၇၃၀၀၀၀၀ )ကျပ်၊ ဘုတ်ပြင်းခရိုင်(၃၄)ဦး၊ ငွေ(၆၈၀၀၀၀)ကျပ် ပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)