စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်နှင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန် ရည်ရွယ်ပြီး ဌာနတွင်းအခြေခံသင်တန်းများအား ဖွင့်လှစ်ပို့ချပေးခဲ့ရာ ၂၇ ကြိမ်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၄၉၁ ဦးအား လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိလာသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများအား ပြည်သူလူထုသို့ ပြန်လည်ဖြန့်ဝေပေးနိုင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းအတွက် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်အကျိုးပြုနိင်မည်ဟုယုံကြည်ပါကြောင်း၊ ပို့ချပေးလိုက်သည့် သင်ခန်းစာများအား သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်တွင်အသုံးချကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား အသိစိတ်ဓာတ်ရှိရှိဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေအနေအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မွမ်းမံသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသား/သူများကိုယ်စား သင်တန်းသား တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ကြသည်။

ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြာကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးဝန်းရှိအတွင်းရှိ လေ၊ ရေ၊ မြေ တိုင်းတာစစ်ဆေး ရေးစက်ကိရိယာ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ မြေ ၃၀ ဧက အကျယ်တွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည် သူများအား လပ်ရက်များတွင် အပန်းဖြေအနားယူနေနိုင်ရန်အတွက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် ပြည်သူ့ဉယျာဉ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြည်သူ့ဉယျာဉ် မျက်နှာစာ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း၊ အခြေခံ အလွှာပြုပြင်ခြင်းလုပ်ငန်းနှင့် မုခ်ဦးတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာနှစ်တွင် စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် မှာကြားကာ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)