မင်းလှမြို့၌ (၇၆)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲ စတင်ဖြေဆို ကျင်းပ

မင်းလှ ဖေဖော်ဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌  သာသနာတော်ထွန်းကားပြန့်ပွားစေရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၇၆)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟ စာမေးပွဲစတင်ဖြေဆိုကျင်းပခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီချိန်က ပြုလုပ်ခဲ့သည်။

(၇၆)ကြိမ်မြောက် (မင်းလှ-မိုးညို-အုတ်ဖို) သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲတွင် ပထမကြီးတန်း ၅ ပါး၊ ပထမလတ်တန်း ၅ ပါး၊ ပထမငယ်တန်း ၂၅ ပါး၊ (ခ)မူလတန်း (၂၁) ပါး၊ (က)မူလတန်း (၇၇) ပါးစုစုပေါင်းသံဃာ (၁၃၅)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး၊ ပထမနေ့ပထမကြီးတန်း ဝိနယဘာသာရပ်တွင် (ပျက်ကွက်မရှိ) သံဃာ(၅)ပါး ဝင်ရောက်ဖြေဆို၍ ခဲ့သည်။

စာမေးပွဲကို သြဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ဝိနယဓမ္မာနုဂ္ဂဟ အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖြေချိန်ကိုမွန်းတည့် ၁၂ နာရီမှ နေ့လယ် ၃ နာရီချိန်ထိ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ထိ (၆)ရက်ကြာ အာရုံဆွမ်း၊ နေ့ဆွမ်း၊ အအေးများ ကပ်လှူခြင်းတို့ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဆုနှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုပေါက် (ပြန်/ဆက်)