ပြည် ဖေဖော်ဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပရာ ယင်းတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်မြို့ အမှတ် (၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ဆန်းဌေးက "ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ယာဉ်မတော်တဆမှုများဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်စည်းကမ်းများနှင့် ယာဉ်မောင်းသူများ သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များအကြောင်းအပါအဝင် ယာဉ်မတော်တဆ ဖြစ်ပွားမှုဖြစ်စဉ်များနှင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် သေဆုံးခဲ့မှုဖြစ်စဉ်များအကြောင်း၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win အစီအမံ (၅) ရပ်အကြောင်း၊ လမ်းညွှန်အမှတ်အသား/သင်္ကေတများ၏အဓိပ္ပါယ်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဓာတ်ပုံမှတ်တမ်းများ၊ ပါဝါပွိုင့်များဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ဟောပြောပွဲသို့တက်ရောက်လာကြသူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)