မြို့သစ်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မြို့သစ် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီလ ၁၈ ရက်၊ မွန်းလွဲပိုင်းက  တပ်ကုန်းကျေးရွာအုပ်စု၊ တပ်ကုန်း(မ)ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် ပလတ်စတစ်၏ ဆိုးကျိုးများအကြောင်း၊  မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် ဆရာဦးမြင့်ကြည်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ ဆရာဦးတင်မောင်ဝင်းက မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)