ပြည် ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းသံဃနာယကရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများအမှူးပြုသော သံဃာ့ဝန်ဆောင်ဆရာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး သဘာပတိဆရာတော်က ဩဝါဒကထာမြွက်ကြားသည်။ ယင်းနောက် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က တိုင်းသံဃနာယက ရွေးချယ်ပွဲနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အခမ်းအနားမှူးဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူသောဆရာတော်များ၏ ဘွဲ့အမည်စာရင်းကိုကြေညာခြင်း၊ လစ်လပ်သွားသော တိုင်းသံဃနာယကအဖွဲ့ဆရာတော် (၃) ပါးနေရာအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ဆရာတော်များက အမည်စာရင်းတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် ရွေးချယ်ခြင်းများကို သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် ဆရာတော်(၃)ပါး၏ ဘွဲ့အမည်စာရင်းကို တိုင်းသံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းကာ အတည်ပြုခြင်းဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းနှင့် တက်ရောက်လာသော ဆရာတော်သံဃာတော်များအား အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)