ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်

ကသာ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အမှာစကားပြောကြားခဲ့ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကသာမြို့အတွင်းသို့ နေရပ်စွန့်ခွာလာကြတဲ့ မိဘပြည်သူများအတွက် နိုင်ငံတော်မှကူညီပံ့ပိုးခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ပိုမိုကောင်းမွန်သော လူနေမှုဘဝများ ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀)နှုန်းဖြင့် လူဦးရေ(၃၅၃)ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၇,၀၆၀,၀၀၀)/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူ စုစုပေါင်း (၃၁၀၀)ကျော်ရှိပြီး ယနေ့တွင်(၃၅၃)ဦးအတွက် ထောက်ပံ့ငွေပေးခြင်းဖြစ်သည်။ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာခဲ့ကြသည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)