ဝန်းသိုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား ကျောင်းသူများအားတွေ့ဆုံအားပေးစကားပြောကြား

ဝန်းသို ဖေဖော်ဝါရီ ၁၉

၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဝန်းသို) နှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တပ်နယ်မြေတို့တွင် ပညာသင်ကြားနေကြသော Grade-12 ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှာစတင်ပြီး ကျင်းပသွားမှာဖြစ်တဲ့အတွက် နောက်ထပ် ၂၅ ရက်သာလိုတော့ပါကြောင်း၊ ဒါကြောင့် မိမိတို့ဆရာ/ဆရာမများရဲ့ သင်ကြားပြသမှုကို ဂရုစိုက်နားထောင် မှတ်သားကြရမည်ဖြစ်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများအနေနဲ့ စာကျက်ချိန်ကို ဘာသာရပ်အလိုက် အချိန်ဇယားနဲ့ တိတိကျကျကျက်မှတ်သွား ရန်လိုအပ်ပါကြောင်း၊ ထို့နောက် ဆရာ၊ ဆရာမများကလည်း မိမိတို့မြို့နယ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ထူးထူးချွန်ချွန်အောင်မြင်စေရေးတို့အတွက် အလေးထားဆောင်ရွက်သွားစေလိုပါကြောင်း စသဖြင့်ပြောကြားခဲ့သည်။

ဝန်းသိုမြို့နယ်အတွင်း၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အထက-ဝန်းသို စာစစ်ဌာနတစ်ခုရှိပြီး အ.ထ.က-ဝန်းသိုမှ ကျား (၃၈) ဦး၊ မ (၄၆) ဦး၊ အ.ထ.က (ခွဲ) တပ်နယ်မြေမှ ကျား(၆) ဦး၊ မ (၅) ဦးနှင့် ပြင်ပဖြေကျား (၆) ဦး၊ မ (၄) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၀၅) ဦးတို့က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)