ဂန့်ဂေါမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံများစွာတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အကြမ်းဖက်အမျိုးအစားများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရန်နှင့် အမျိုးသမီးများအနေဖြင့် ကိုယ်တိုင်ရပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည် သဘောပေါက်ရန်လိုကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့်ပတ်သက်၍ ယုံတမ်းစကားနှင့်အမှန်တကယ်ဖြစ်ရပ်များ၊ အကြမ်းဖက်ခြင်းကြောင့်ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၏လက္ခဏာများ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ ခံယူချက်အတွေးအခေါ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အကျယ်တဝင့်ဆွေးနွေးခြင်း၊ ဂန့်ဂေါမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံစံထွေးက အမျိုးသမီးများအခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များ၊ မြို့နယ်တရားသူကြီး ဦးစည်သူအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်းနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုခံရခြင်းမှ လျော့ပါးစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြမ်းဖက်ခံရသူများအား ပံ့ပိုးကူညီဆောင်ရွက်နေမှုများ၊ One Stop Women Support Centre (OSWSC)များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြပါသည်။       

အဆိုပါဆွေးနွေးပွဲသို့ ဂန့်ဂေါမြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်ဆက်)