ပွင့်ဖြူ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ပဲမျိုးစုံသီးနှံ ၁၅၄၈ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ဧက ၇၆၆၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံတောင်သူများက ဆောလျင်စွာစိုက်ပျိုးခဲ့သည့် ပဲသီးနှံစိုက်ခင်းများကို ဇန်နဝါရီလမှ စတင်သိမ်းဆည်းဆောင်ရွက်လျက်ရှိရာ ယနေ့ထိ ပဲမျိုးစုံသီးနှံ ၁၅၄၈ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဆောင်းသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲမျိုးစုံသီးနှံ ၇၆၆၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်အောင် ဒေသခံတောင်သူတွေကို ပဲမျိုးစုံသီးနှံများ တိုးချဲ့စိုက်ပျိုးကြဖို့၊ စိုက်နည်းများ မှန်ကန်လုပ်ဆောင်ကြဖို့၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျသုံးစွဲတတ်ကြဖို့၊ ပိုးမွှားရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို သေချာစွာလုပ်ဆောင်ကြဖို့ စတဲ့ တောင်သူပညာပေးတာတွေ ကြိုးပမ်းဆောင်ရွက်ပေးပါတယ်။ လက်ရှိမှာ ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ ပဲသီးနှံစိုက်ခင်းတွေကို စတင်သိမ်းဆည်းနေကြပါတယ်။ ဒီနေ့ထိ ပဲမျိုးစုံသီးနှံ ၁၅၄၈ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပါတယ်။ ပိုးမွှားရောဂါ ဝင်ရောက်မှုမရှိတဲ့အတွက် သီးနှံအထွက်နှုန်းတွေလည်း ကောင်းမွန်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၇၈ ဧက ၊ ပဲကြီး ၄၈၂၂ ဧက ၊ ပဲကြား ၂၂ ဧက ၊ စားတော်ပဲ ၃၃၁၂ ဧက ၊ ကုလားပဲ ၅၆၀၅၁ ဧက ၊ ပဲလွမ်း ၂၀၁၀ ဧက ၊ ပဲနောက် ၂၇၇ ဧက ၊ ပဲယင်း ၁၁၉ ဧက ၊ ထောပတ်ပဲ ၉၇၀၆ ဧက ၊ အခြားပဲ ၂၆၇ ဧက ၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၇၆၆၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ အဆိုပါ ပဲမျိုးစုံသီးနှံများအနက် ပဲလွမ်း ၁၁၄၁ ဧက၊ ပဲကြား ၁၀ ဧက၊ ပဲရင်း ၆၀ ဧက၊ ပဲနောက် ၁၈၆ ဧက၊ အခြားပဲသီးနှံ ၁၅၁ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်းမှာ ပဲလွမ်းသီးနှံ ၁၆ ဒသမ ၅၂ တင်း၊ ပဲရင်းသီးနှံ ၉ ဒသမ ၃၂ တင်း ၊ ပဲကြားသီးနှံ ၁၆ ဒသမ ၆၀ တင်း ၊ ပဲနောက်သီးနှံ ၁၂ ဒသမ ၄၉ တင်းနှင့် အခြားပဲ ၁၃ ဒသမ ၂၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံဖျက်ပိုးမွှားများ ကျရောက်မှုကင်းရှင်းစေရေး၊ သဘာဝမြေဩဇာ စနစ်တကျသုံးစွဲတတ်စေရေးနှင့် အထွက်နှုန်းများ ကောင်းမွန်စေရေးအတွက် သီးနှံအချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)