ဒေးဒရဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် နည်းဥပဒေများဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲ ကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက သဲကုန်းကျေးရွာ ၊ ကျောင်းကြီးဘုန်းတော်ကြီးကျောင်းရှိ တန်ဆောင်းတော်ကြီးတွင်ကျင်းပပြုလုပ်ခဲ့ရာ သဲကုန်းကျေးရွာအုပ်စုနှင့် ကုန်းတန်းလေးကျေးရွာအုပ်စုကဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီ စတင်ကျင့်သုံးကတည်းက ပြဌာန်းထားပြီးဖြစ်ပြီး မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများ အားလုံး အကျုံးဝင်ပါကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များနှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလ လုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှု မလိုကြောင်းတို့ကို ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်လွင်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဦးစီးမှူး ဦးဝင်းမောင်တို့က ဥပဒေအရ စစ်မှုထမ်းရန် သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် ရရှိသူများ၊ ရွှေ့ဆိုင်းခွင့်များနှင့် နည်းဥပဒေများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း