ကျိုက်လတ် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါစာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှု မရှိစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများရှိ စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပညာရေးဌာနမှတာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
ကျိုက်လတ် (ပြန်/ဆက်)