ပခုက္ကူ ဖေဖော်ဝါရီ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာပေစကားဝိုင်းတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ညှိနှိုင်းရေးမှူးအဖြစ်ပါဝင်ဆောင်ရွက်ပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)မှ သင်တန်းသူများဖြစ်သည့် မသိင်္ဂီမိုးက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”၊ မကီးလိုင်းက “လူငယ်နှင့်ကျန်းမာရေး”၊ မအိအိမွန်က “လူငယ်နှင့်စာဖတ်ခြင်း”၊ မရွှန်းလဲ့ဦးက “လူငယ်နှင့်ယဉ်ကျေးမှု”၊ မနန္ဒာလင်းက “လူငယ်နှင့်အားကစား” စသည့်ခေါင်းစဉ်တို့ဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပခုက္ကူမြို့၊ အမျိုးအသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၉)မှ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)