မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်‌ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုကြမည်ဖြစ်၍ သက်ဆိုက်ရာဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးဆောင်ရွက်ရန်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးကို ရောဂါဖြစ်ပွားရာနေရာနှင့် ဖြစ်နိုင်ချေရှိသည့် နေရာများတွင် အသက်တစ်နှစ်အထက် ကလေးလူကြီးများအား တိုက်ကျွေးပေးနေမှုများ၊ စိုက်ပျိုး‌ရေးနှင့်ပတ်သက်၍ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ လျာထားချက်ပြည့်မီရေးဆောင်ရွက်ရန်၊ နွေစပါးနှင့် နွေနှမ်းစိုက်ပျိုးထားရှိမှု အခြေအနေများ၊ မွေးမြူရေးနှင့်ပတ်သက်၍ ဒေသကြက်တိုးချဲ့ မွေးမြူရေး၊ ဥစားကြက်မွေးမြူရေးဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးကြရန်၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အမှိုက်များမီးရှို့ခြင်း မပြုလုပ်ရန်၊ အသက်(၈၅)နှစ်အထက် ဘိုး၊ ဘွား များအား လူမှုရေးပင်စင်ထုတ်ပေးနေမှုများ၊ မြေပြင်လူဦးရေ စာရင်းကောက်ယူရေး ဆောင်ရွက်ရာတွင် သက်ဆိုရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ဒေသကြက်မွေးမြူရေး၊ မြေပြင်လူဦးရေ စာရင်းကောက်ယူနိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)