နတ်မောက် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က ကျောင်းသား/သူများအနေဖြင့် အားလပ်သည့် အချိန်များ၌ အချိန်ကိုအကျိုးရှိရှိ အသုံးပြုတတ်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ မိမိတို့၏ ကိုယ်ပိုင်ဉာဏ်စွမ်းအားတို့ဖြင့် အရာရာကို ပုံဖော်ဖန်တီးတတ်စေရန်ရည်ရွယ်၍ ဉာဏပြိုင်ပွဲများ၊ ကာယပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ အနေဖြင့် စာကြည့်တိုက်သို့ ဝင်ထွက်သွားလာနိုင်ပြီး ဗဟုသုတရဖွယ် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း၊ ပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)မှ မူလတန်းအဆင့် ကျောင်းသား/ သူများက မိမိတို့ ဖတ်ရှုလေ့လာသည့် ပုံပြင်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများ၊ လူငယ်လူရွယ်များ အသိပညာပေး ဗဟုသုတရရှိစေရန် ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည်။
မူမူစန်း