ကျွန်းလှ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသော မြေပဲစိုက်ဧက ၁၄၀၀၀ ကျော်အနက် ဧက ၁၂၀၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ဒီနှစ် ဆောင်းရာသီမှာ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ မုံညှင်းစေ့ သီးနှံများစိုက်ပျိုးကြပါတယ်။ မြေပဲကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးကြပါတယ်။ အခုအခါ ဧက ၁၂၃၇၅ ရိတ်သိမ်းပြီး တစ်ဧက ၇၅ ဒသမ ၂၅ တင်းထွက်ရှိပါတယ်။ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးကြပြီး သီထပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲစိုက်ပျိုးရန် ၁၃၈၉၆ ဧက လျာထားပြီး ၁၄၂၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း၊ မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းပြပွဲများပြုလုပ်ခြင်းနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)