စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၉                         

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်သာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များနှင့် ဘိုးဘွားရိပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ မြန်ဆန်ချောမွေ့စေရေးနှင့် လူမှုကူညီရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရေးတို့အတွက် ယခုတွေ့ဆုံပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများအနေဖြင့် မကြာမီ နှစ်ဆုံးအတန်းစဉ်ကူး ပြောင်းမှုစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြတော့မည်ဖြစ်ပါ၍ မိမိတို့ကျောင်းများအလိုက် အောင်ချက်မြင့်မားအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့်လည်း နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအတွက် အကျိုးပြုမည့်သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားသွားရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများအနေဖြင့် ပြည်သူများ အသက်ရှည်ကျန်းမာသန်စွမ်းကာ ဘဝရပ်တည်နိုင်ရေးအတွက် ဆရာဝန်များနှင့် ကျွမ်းကျင်းသူများသည် အားကိုးအားထားရာ ဖြစ်ပါကြောင်း၊ ဆေးရုံသို့လာရောက်ကုသကြသည့် ပြည်သူများအား နွေးထွေးပြူဌာစွာဖြင့် စေတနာထားကာ ကုသသွားကြရန်လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြည်သူများ၏ ငွေသွင်း၊ငွေထုပ်လုပ်ငန်းများတွင် မြန်ဆန်ချောမွေ့အောင်နှင့် ကြံ့ကြာမှုမရှိအောင် စိတ်စေတနာကောင်းများဖြင့် ဝန်ဆောင်မှုပေး သွားကြရန် လိုအပ်ပါကြောင်းနှင့် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လူမူရေးအသင်းအဖွဲ့များအနေဖြင့်လည်း ပြည်သူများ၏လူမှုကူညီရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိအသက်အား ပဓာနမထားဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ခဲ့ကြသည်ကို ကြားမြင်သိရှိရသည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ရှိပါကြောင်း၊ မုံရွာမြို့ရှိ ဘိုးဘွားရိပ်သာများ၌ အဘိုး၊ အဘွားများ နေထိုင်စားသောက်ရေးများ အဆင်ပြေစေရန်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တွေ့ဆုံပွဲသို့တက်ရောက်လာသူများအနေဖြင့် မုံရွာမြို့ပေါ်ရှိပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ငွေကြေးကဏ္ဍနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့အောင် အားလုံးဝိုင်းဝန်းအဖြေရှာကာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံများက မိမိတို့ကိုယ်ပိုင်ကျောင်းများ၏ သင်ကြားမှု၊သင်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများမှ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ခံများက မိမိတို့ဆေးရုံများအလိုက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအားလည်းကောင်း၊ ပုဂ္ဂလိကဘဏ်များမှ ဘဏ်မန်နေဂျာများက မိမိတို့ဘဏ်များ၏ ငွေသွင်း/ငွေထုတ် လုပ်ငန်းများဝန်ဆောင်မှုပေးနေမှု အခြေအနေများအားလည်းကောင်း၊ လူမူရေးအသင်းအဖွဲ့များက မိမိတို့အသင်းအဖွဲ့များအလိုက် လူမှုကူညီရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအားလည်းကောင်၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူများက အဘိုး၊အဘွားများအား ကူညီစောင့်ရှောက်မှုပေးထားမှု အခြေအနေများအားလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ/ ဘဏ်များ၊ ကိုယ်ပိုင်ကျောင်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဘိုးဘွားရိပ်သာများမှ တာဝန်ရှိသူ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။              

တိုင်းဒေသကြီး (ပြန်/ဆက်)