နတ်မောက်မြို့နယ် န/ကျားထူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

နတ်မောက် ဖေဖော်ဝါရီ  ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက န/ကျားထူးကျေးရွာအုပ်စု၊ န/ကျားထူးကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက န/ကျားထူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။        

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ လည်ပတ်ရန်ပုံငွေကျပ်  ၄၈ ဒသမ ၆ သန်း  လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက န/ကျားထူးကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၈ ဦး ငွေကျပ် ၃၇ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၀ ဦး ငွေကျပ် ၈ ဒသမ ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၉ ဦး ငွေကျပ် ၂ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး ၀ ဒသမ၂ သန်း စုစုပေါင်း အသင်းသား/အသင်းသူ ၁၆၈ ဦး ကို နဝမအကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေကျပ် ၄၈ ဒသမ ၆ သန်းအား အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မူမူစန်း