ဇီးကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အ.မ.က(ရွာမ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.က(ရွာမ)ကျောင်း ကျောင်းအုပ်ဆရာကြီး​ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ရီရီမြင့်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကို အသိပညာပေးဟောပြော၍ ဒေါ်ဇင်မာထွန်းက ပုံပြင်စာအုပ်များဖတ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုပြသ၍ ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် အသိပညာဗဟုသုတကြွယ်ဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)