မကွေး ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ သံဃာ့နာယကအဖွဲ့ (အနားယူ) (အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မကွေးမြို့ အောင်မြေရတ နာကျောင်းတိုက်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သာသနာရေးဆိုင်ရာ လျှောက်ထားခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားကို တိုင်းဒေသကြီးသံဃာ့ဝန်ဆောင် အစည်းအဝေးသို့ ကြွရောက်တော်မူသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ (သဘာပတိ ဆရာတော်) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တဥတ္တရက အဖွင့်သြဝါဒကထာ မြွတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကျင်းပသော အစည်းအဝေးသည် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အတွက် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအခန်း(၁၁)၊ အပိုဒ် (၈၆၊ ၈၇၊ ၈၈) တို့နှင့် ယင်းလုပ်ထုံးလုပ်နည်းများအရ လက်ရှိသံဃာ့နာယကအဖွဲ့များ အနားယူသွားသဖြင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရန်အတွက် စီစဉ်ကျင်းပသော သံဃာ့ဝန်ဆောင် အစည်းအဝေးဖြစ်ကြောင်းနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့(အနားယူ)(အစားထိုး)ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးသံဃနာယကအဖွဲ့မှ အနားယူမည့် ဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို ဖတ်ကြားလျှောက်ထားခြင်း၊ လစ်လပ်မှုဖြစ်သော တိုင်းဒေသကြီး သံဃာ့နာယက အဖွဲ့ဝင်များနေရာ၌ အစားထိုးရွေးချယ်မည့် ဘွဲ့အမည်စာရင်းကို တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် ဆရာတော်(၁)ပါးမှ (အဆို)တင်သွင်းခြင်း၊ (ထောက်ခံမည့်)ဆရာတော်အား ပင့်ဖိတ်ခြင်း၊ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်မှ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ ဆရာတော်များ၏ ဘွဲ့အမည်စာရင်း တင်သွင်းခြင်း၊ အဆိုပြု/ထောက်ခံသွားခြင်းကို ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ (သဘာပတိဆရာတော်)မှ သာဓု (၃) ကြိမ် ခေါ်ဆိုစေပြီး အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားကာ၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ