ဘိုကလေး ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နေ့လယ် (၁) နာရီခွဲ အချိန်၌ မြို့နယ်မီးသတ် တပ်ဖွဲ့က မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုနှင့်အတူ သရုပ်ပြဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြရာသို့ မြို့နယ် မီးဘေးတားဆီးကာကွယ်ရေးအဖွဲ့ဝင် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး မီးသတ်ဦးစီးအရာရှိဦးထွန်းအောင်က မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားရမည့် အချက်များအား အသိပညာပေးဟောပြော၍ မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှကာ ဂက် (စ်) မီးလောင်မှုအား ငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဗူးအပါအဝင် အခြားသောနည်းလမ်းများဖြင့် မီးငြိမ်းသတ်နည်းတို့အား သရုပ်ပြ၍ ဇာတ်တိုက်လေ့ကျင်ရာသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများနှင့်အတူ ဇာတ်တိုက်လေ့ကျင့် လက်တွေ့မီးငြိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)