စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု Hostpot အရေအတွက် များပြားနေခြင်းကိုလျှော့ချနိုင်ရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌက မိမိတို့တိုင်းဒေသကြီးအတွင်း မီးလောင်မှု Hostpot အရေအတွက်များပြားနေခြင်းကို လျှော့ချနိုင်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ကော်မတီတွင်ပါဝင်ကြသည့် ဌာနဆိုင်ရာအသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နှင့် ဒေသနှင့်ကိုက်ညီနိုင်ပြီး ထိရောက်တဲ့ အသိပညာပေးလုပ်ငန်းများအပါအဝင် အကောင်အထည် ဖော်ဆောင်ရွက်ကြရမည့်လုပ်ငန်းများကို ပွင့်လင်းရင်းနှီးစွာ တင်ပြဆွေးနွေးပေးကြရန် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က ကော်မတီ၏ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များပါ လုပ်ငန်းများလျာထားမှုအပေါ် ကော်မတီအလိုက် ဆောင်ရွက်နိုင်မှုများနှင့် ပြည်ထောင်စု အဆင့်ကချမှတ်ထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု Hostpot အရေအတွက် များပြားနေခြင်း အကြောင်းရင်းများနှင့် ၎င်းကိုလျှော့ချနိုင်ရေးအတွက်လည်းကောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ဌာနအလိုက် ဆောင်ရွက်ထားမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် လုပ်ငန်းများအပေါ် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြကြပြီးနောက် အစည်းအဝေး ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြသည်။

ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု Hostpot အရေအတွက် များပြားနိုင်သည့် ယခုလိုအချိန်မျိုးတွင် အထူးအလေးထား ဆောင်ရွက်ကြရန် နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)