သဖန်းဆိပ်ဆည်ရေသောက် ဧရိယာအတွင်း စိုက်ပျိုးရေလိုအပ်ချက်နည်းသော နွေသီးနှံ ဧက(၇၀၀၀၀)သာ စိုက်ပျိုးရေ ရရှိမည်ဟုဆို

မုံရွာ ဒီဇင်ဘာ ၅

သဖန်ဆိပ်ဆည်၏ ဆည်ရေသောက် ဧရိယာအတွင်း မြို့နယ်(၅)မြို့နယ်တွင် ယခုနှစ်နွေရာသီတွင် စိုက်ပျိုးရေလိုအပ်ချက်နည်းသည့် နွေသီးနှံ(၇၀၀၀၀)ဧကအတွက် စိုက်ပျိုးရေရရှိမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ  သိရသည်။

၂၀၂၀ပြည့်နှစ် မိုးရာသီတွင် သဖန်းဆိပ်ဆည်အတွင်းသို့ ရေစီးဝင်မှုနည်းခဲ့ရာ ယခုနှစ်နွေရာသီတွင် စိုက်ပျိုးရေ အလုံအလောက် ဖြန့်ဝေပေးနိုင်ခြင်းမရှိသဖြင့် ရရှိသည့်စိုက်ပျိုးရေပမာဏနှင့် ကိုက်ညီမည့် စိုက်ပျိုးရေ လိုအပ်ချက်နည်းပါးသည့် နွေသီးနှံ များဖြစ်သော နွေနှမ်း(၃၂၃၀၀)ဧကနှင့် နွေပဲတီစိမ်း(၃၇၇၀၀) ဧက စုစုပေါင်း(၇၀၀၀၀) ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရာသီဥတု အခြေအနေကြောင့် ဆည်အတွင်း ရေစီးဝင်မှုနည်းခဲ့တဲ့အကျိုးဆက်ကြောင့် အခုနှစ်မှာလည်း နွေသီးနှံ ဧက ခုနှစ်သောင်းလောက်ပဲ စိုက်ပျိုးရေရရှိမှာဖြစ်တယ်၊ အဲဒိအတွက် သီးနှံစိုက်ပျိုးမှု ပုံစံတွေ ပြောင်းလဲစိုက်ပျိုးမှုအရ ရေလိုအပ်ချက်နည်းတဲ့ သီးနှံတွေကိုပြောင်းပြီး စိုက်ပျိုးကြရမှာဖြစ်တယ်၊ နွေနှမ်းနဲ့ နွေပဲတီစိမ်းသီးနှံတွေကို စိုက်ပျိုးနိုင်ဖို့ တောင်သူတွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နွေသီးနှံစိုက်ပျိုးမှုအရ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာအတွင်းရှိ ရွှေဘိုမြို့နယ်အတွင်း နွေနှမ်းနှင့် နွေပဲတီစိမ်း(၆၀၀၀)ဧက အားလည်းကောင်း၊ ခင်ဦးမြို့နယ်အတွင်း နွေနှမ်းနှင့် နွေပဲတီစိမ်း (၁၄၀၀၀)ဧကအားလည်းကောင်း၊ ရေဦးမြို့နယ် အတွင်း နွေနှမ်းနှင့်နွေပဲတီစိမ်း ဧက(၁၀၀၀၀) အားလည်းကောင်း၊ ဒီပဲယင်းမြို့နယ်အတွင်း နွေနှမ်းနှင့်နွေပဲတီစိမ်း ဧက(၂၅၀၀၀)အား လည်းကောင်း၊ ကန့်ဘလူ မြို့နယ်အတွင်း နွေနှမ်းနှင့် နွေပဲတီစိမ်း ဧက(၁၅၀၀၀)အားလည်းကောင်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)