ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးသည့် ပဲကြီးသီးနှံ (၉၈၁) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲကြီးသီးနှံ (၉၈၁) ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံ (၃၄) ဧက လျာထားစိုက်ပျိုးခဲ့ရာ (၉၈၁) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ ပဲကြီးသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

“ပွင့်ဖြူမြို့နယ်အတွင်း မိုးသီးနှံရာသီက ပဲကြီးသီးနှံ (၉၈၁) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ပဲကြီးစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှု ရှိခဲ့ပါတယ်။ ပဲကြီးသီးနှံ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့၊ အထွက်နှုန်း တိုးတက်ဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့ တောင်သူတွေကို တွန်းအားပေးဆောင်ရွက်ကာ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ပဲကြီးသီးနှံ စိုက်ခင်းများကို ဒေသခံတောင်သူတွေက ဇန်နဝါရီလမှာ စတင်ရိတ်သိမ်းခဲ့ကြပြီး ဒီနေ့မှာ အားလုံးရိတ်သိမ်းပြီးစီး ပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ တစ်ဧက (၁၆) ဒသမ (၆၈) တင်း ထွက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲကြီးသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး စသည့် တောင်သူပညာပေးလုပ်ငန်းများအပြင် သီးနှံရိတ်သိမ်းခြွေလှေ့ချိန်တွင်လည်း အထွက်နှုန်း လျော့နည်းမှု မရှိစေရေးအတွက် အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းပညာနှင့် ရိတ်သိမ်းပြီး သီးနှံများ အရည်အသွေး ကောင်းမွန်စေရန် အမိုးအကာများအောက်တွင် စနစ်တကျ ထားသိုသိမ်းဆည်းနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ပဲကြီးသီးနှံအား နှစ်စဉ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်၍ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်သောကြောင့် ဒေသမရွေး ပဲကြီးသီးနှံအား တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )